သြဂုတ်လအတွင်း KNU ထိန်းချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း နှစ်ရာကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်မှ တစ်ရာကျော် သေဆုံးဒဏ်ရာရ ဟု KNU အပြည့်အစုံထုတ်ပြန်

သြဂုတ်လ တစ်လတာအတွင်း KNU ထိန်းချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း ၂၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီ ဘက်မှ ၁၆၆ ယောက်သေဆုံးကာ ၁၀၁ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက စက်တင်ဘာလ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ စာရင်းများမှာ ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်သာဖြစ်ပြီး စစ်ကောင်စီဘက်ကမူ ၎င်းတို့၏ ကျဆုံး ဒဏ်ရာရ စာရင်းကို ဖုံးကွယ်ထားမြဲဖြစ်ကြောင်းဆိုသည်။

KNU ဗဟို၏ ထုတ်ပြန်ချက်အရ သြဂုတ်လ တစ်လတာအတွင်းတွင် KNU ထိန်းချုပ် နယ်မြေများဖြစ်ကြသော ဒူးသထူခရိုင် တပ်မဟာ ၁ ၊ တောင်ငူခရိုင် တပ်မဟာ ၂ ၊ ညောင်လေးပင် ခရိုင် တပ်မဟာ ၃ ၊ မူတြော်ခရိုင်တပ်မဟာ ၅ ၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ စသည့်နယ် မြေများအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် KNDO တို့နှင့် ထိတွေကာ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြောင်း သိရသည်။

ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအနေဖြင့် ဒူးသထူခရိုင် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေတွင် ( ၂၄ )ကြိမ်၊ တောင်ငူခရိုင် တပ်မဟာ ၂ ထိန်းချုပ်နယ်မြေတွင် ( ၆ )ကြိမ်၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ထိန်းချုပ်နယ်မြေတွင် ( ၂ )ကြိမ်၊ မူတြော်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွင် ( ၁၈၁ ) ကြိမ်၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေတွင် ( ၄ )ကြိမ် ဖြစ်ကြောင်းသိရသည်။

အာဏာသိမ်း စစ်ကောင်စီ၏ တပ်များသည် ပြည်သူလူထုကို သတ်ဖြတ်မှု နှင့် ကြောက်လန့်အောင်ပြုလုပ်ပြီး ပစ္စည်း အဓမ္မ လုယူမှုများလည်း ရှိခဲ့သည်ဟုလည်း KNU ကဆိုပါသည်။

KNU ဒူးသထူခရိုင် တပ်မဟာ ၁ အတွင်းတွင် စစ်ကောင်စီမှ ဗိုလ်မှူး ကျော်ထွန်းငြိမ်း ဦးဆောင်သော စကခ - ၈ ခမရ - ၄၀၆ အဖွဲ့ နှင့် BGF - ၁၀၁၄ မှ တပ်ကြပ် ကြိမ်လွန်းနှင့် တပ်သားများသည် ထီးဖဒိုထာရွာအတွင်းသို့ ဝင်၍ နေအိမ်များကို ရှာဖွေပြီး ပြည်သူများ၏ ဖုန်း၊ ဓာတ်မီး၊ ဆန် နှင့် ကွမ်း စသည့် ပစ္စည်းများကို အတင်းအဓမ္မယူဆောင်မှုများပြုခဲ့ပြီး ဒေသခံ မဘဲလေး နှင့် ဖခင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အတူ သြဂုတ်လ ၁၄ ရက်တွင်လည်း စစ်ကောင်စီ၏ တပ်မ - ၄၄ လက်အောက်ခံ ခမရ - ၁၁၈ မှ တပ်ဖွဲ့များသည် မိုးကောင်းဒေသသို့ ဝင်ရောက်လာပြီး ပဒိန်ရုံးရှေ့၌ စောအယ်သူး နှင့် စောအယ်ဒို ဟူသည့် ပြည်သူ ၂ ဦးကို ပစ်သတ်ခဲ့ပြီး အခြားကရင်အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်ဟုဆိုသည်။

KNU တောင်ငူခရိုင် တပ်မဟာ ၂ အတွင်းတွင် သြဂုတ်လ ၇ ရက်၌ စစ်ကောင်စီ ၏ စကခ - ၅ ခမရ - ၇၀၄ မှ ဒုတပ်ရင်းမှူး ထွန်းလင်းအောင်သည် ကော်သေးဒဲရွာသားများ၏ ဆိုင်ကယ် ၆ စီးကို ကော်သေးဒဲ မှ ကလယ်စိုးခီးအထိ စစ်တပ်အသုံးအဆောင်ပစ္စည်းများကို သယ်ဆောင်ပေးရန် အတင်းအဓမ္မ ခိုင်းစေခဲ့ကြောင်းကိုလည်း KNU ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

KNU မူတြော်ခရိုင် တပ်မဟာ ၅ အတွင်းတွင်လည်း စစ်ကောင်စီ၏ တပ်ဖွဲ့များဖြစ်သော စကခ - ၈ ခမရ - ၄၀၇ ၊ ခမရ - ၄၀၈ ၊ ခမရ - ၃၄၁ ၊ ခမရ - ၄၀၁ ၊ ခလရ - ၁၉ နှင့် နယ်ခြားစောင့်တပ် BGF - ၁၀၁၄ တပ်ဖွဲ့တို့သည် သြဂုတ်လ တစ်လတာအတွင်း ပြည်သူလူထုများ လုပ်ကိုင်စားသောက်နေသော လုပ်ငန်းခွင် နှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး ၁၂၀ လုံးပစ်ချခဲ့သည့်အတွက် လူနေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု KNU ကဆိုသည်။

လက်နက်ကြီးပစ်ချမှုကြောင့် ပြည်သူ၂ ဦး ထိမှန်ကာ ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦးကို ထိခိုက်နာအောင် အကြမ်းဖက်စစ်တပ်အဖွဲ့မှ ရိုက်နှက်ခဲ့ကြောင်း သိရပြီး မူတြော်ခရိုင် တပ်မဟာ ၅ ထိန်ချုပ်နယ်မြေအတွင်းသို့အာဏာသိမ်းစစ်ကောင်စီ မှ လေယာဉ် ဖြင့် ၅ ကြိမ် လာရောက်ထောက်လှမ်းမှုပြုခဲ့သည်ဟုလည်း ဆိုသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များသည် ပြည်သူများ သွားလာသောနေရာများ၊ လုပ်ကိုင် စားသောက်သောနေရာများ နှင့် လမ်းမများပေါ်တွင် မိုင်းများထောင်ထားသောကြောင့် ပြည်သူ ၁ ဦး မိုင်းနင်းမိပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပြီး KNU ဒူးပလယာခရိုင် တပ်မဟာ ၆ အတွင်းတွင် သြဂုတ်လ ၂၆ ရက်၌ စစ်ကောင်စီ ၏ ခလရ - ၃၂ ၊ ခလရ - ၂၈၃ ၊ ခမရ - ၃၅၈ နှင့် နယ်ခြားစောင့်တပ် BGF တပ်ရင်း - ၁၀၂၃ ၏ တပ်ဖွဲ့များသည် တကူခီး ကျေးရွာအတွင်းသို့ဝင်ရောက်ပြီး ကြက် အကောင် ၄၀ ကျော် နှင့် ထမင်းပေါင်းအိုး၊ ဇွန်းကြီးများ၊ ရေခွက်များ စသည့် ပစ္စည်းများကို လုယူသယ်ဆောင်သွားခဲ့ပါသည်ဟု KNUက အပြည့်အစုံထုတ်ပြန်ခဲ့ပါသည်။

အမှီအခိုကင်းသည့် သတင်းသမားများဖြစ်သည့်အတွက် အများပြည်သူတို့၏အကူအညီလိုအပ်ပါသည်။ အကူအညီပေးလိုပါက ဤစာကိုနှိပ်၍ အကူအညီပေးနိုင်ပါသည်။


စတင်ဘာလ ၄ ရက်၊ ၂၀၂၁


#KNU #တိုက်ပွဲသတင်း

#ပုံစာ_BAP

#HTY_Information 

လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ယာဉ်တန်းဗုံးခွဲတိုက်ခိုက်ခ...

HTY Information 7 months ago

စမတ်ကဒ်ရထားပြီးသား ကျူးကျော်နေအိမ်များကို အနိုင်ကျင့်ဖျက်ခိုင်းပြီးနော...

HTY Information 1 month ago

တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ဝင် အချို့သေနတ်ပစ်ခံရ

HTY Information 11 months ago

လှိုင်သာယာမြို့နယ်ရှိ Myanmar Unique အထည်ချုပ် စက်ရုံအား ယာယီပိတ်သိမ်း...

HTY Information 8 months ago

ပညာသင်ရွယ်ကျောင်းသားများပညာရေးလမ်းကြောင်းပေါ်လျှောက်လမ်းမှသာနိုင်ငံရဲ့...

HTY Information 7 months ago